ကျွန်​မရဲ့ blog မှာ မျှ​ဝေထားတဲ့linkအများစုဟာ အွန်​လိုင်း မှ ရှာ​ဖွေစု​ဆောင်းပြီး စာ​ပေချစ်​မြတ်​နိုးသူ ​တွေအတွက်​ ပြန်​လည်​ မျှ​ဝေထားခြင်းသာ ဖြစ်​ပါတယ် ။မူရင်း pdf ပြု လုပ်​ သူ ​သေချာမသိ​သော​ကြောင့်​ Credit မ​ပေးရတဲ့ link ​တွေ အများကြီး ရှိပါတယ်​ ။ ဤ​နေရာမှ တဆင့်​ မူရင်း link ပိုင်​ရှင်​များ အားလုံးကိုCredit ​ပေးပါတယ်​ရှင့်​ ။ စာဖတ်​လာကြသူ အ​ပေါင်း စာ​ပေ ဗဟုသုတ ပြည်​စုံကြွယ်​ဝ ကြပါ​စေရှင့်​ ။
( မနှင်း)
သံဝေဂ လင်္ကာ ( ၂ ) ( ဆန်းလွင် ၊ရှင် အာဒိစ္စရံသီ )
  ၁။
ဘ၀အကြောင်း  တစေ့ တစောင်းတော့ 
စဉ်းစားဖို့ ကောင်းပါ သည် ။
လူဖြစ်သည့်ခဏ     ခုဘ၀ကျမှသာ
ကိုယ့်ဘာသာ ကိုယ့်အကြောင်း
ဟောင်းခဲ့ သစ်ခဲ့  ၊ကောင်းခဲ့ မကောင်းခဲ့
စောင်းငဲ့ လို့ ပြန် လည် တစ်ဖန် စဉ်းစား
စမ်းတ၀ါး သိနိုင်စဉ် ဘ၀အမျှင်အစကို
သင့်ရာက ဆွဲပြီး ခွဲခြားရှု့မြင် 
သိနိုင်သမျှ ဆင်ခြင်၍ ကြည့်ကြပါစို့ ။
ယခုဘ၀ ရောက်မလာကြခင်က
ဘ၀ဘယ်မှာ အနေကြာခဲ့ပါ့
ဂင်္ဂါ ၀ါဠု သဲစုမက ဘုရားတွေ ပွင့် လိုက်ကြတာ
ဘယ်သာသနာကိုမှ မကြုံလိုက်ကြပါ ကလား ။
ယခုလောက်ကြာအောင် မကျွတ်ပဲနေ လာကြရတာ
သာသနာနှင့်လွဲလို့ပေါ့ ၊ ဘုရားအဆူဆူ 
ပွင့်တော်မူပါလျှက် ၊လူမဖြစ် နတ် မဖြစ်
အောက်ထစ်ဆုံးဘ၀ ငရဲက ပြန်မတက်လို့ လား၊
 အ၀ိဇ္ဇာ ကွင်းဆက် မပျက် မပြတ်ဘဲ
တ၀ဲလည်လည်  အပါယ်ဘုံမှာ
စုန်ကာ ဆန်ကာသာ အနေကြာခဲ့ တာလား ။
ခုတစ်ခါကျမှ လူ့ ရွာ လူ့ဘဝ
သုံးသပ် ဆုံးဖြတ် နှလုံးကပ်ပြီး
စဉ်းစားတက် လို့ ကိုယ့်ဘ၀ဖြစ်အင်
ကိုယ့်အကြောင်းကိုမြင်တော့ သွင်သွင်စီးကျ
မျက်ဝန်းအစုံမှာ မျက်ရည်စတွေနှင့် ပါ ကလား ။
မိုက်မှားခဲ့လသမျှ အသည်းကနာကျင် 
ဘယ်လိုပင် ဖြေဖျောက်သော်လည်း 
မျက်ရည်ပင်မခြောက်ပါ ဘူး ၊
ကြောက်စရာ့ သံသရာမှာ
ယခု ဘ၀ ဘ၀ အရှိ
သိဖို့တော့ သင့်ပြီ ထင့်
တွေးချင့်စရာ လူမို့သာ စဉ်းစားနိုင်တာနော် ။
၂။
သြော်  ပုထုဇဉ် မမြင် မျက်ကန်း 
သံသရာ အဆင်းလမ်းမှာ
စမ်းတ၀ါးဝါးလျှောက်သွားနေ လိုက်တာ
ရှေ့မှာ ဘ၀ချောက်က မတ်စောက်စောက် ရှိသော်လည်း
သူကမှ မမြင်တော့ ခြေချော်ပြီး ချောက်ကျတာ 
ဘာဆန်းမလဲ ၊  လဲမှ နာ ၊  နာမှသိ 
 မချိမဆန့် ထိတ်ထိတ် လန့်လန့်နှင့်
လူးလွန့် ထူထ ဖုန်ခါကျပြီး
ရှေ့မှ မြင်ရ မှုန်ပျပျ အဆင်းလမ်းကို
အတက်လမ်းထင်၍  မှန်းဆလျှောက်ပြန်တော့
နောက်ဘ၀တစ်ခါ ချောက်ကျရပြန်တာပေါ့ ။
ကံလမ်းပေါ်မှာ  ပုထုစဉ် သူ့ခင်မျာ
ဘ၀ပေါင်းများစွာလျှောက်ခဲ့ပြီးပါလျက်
 အတက်လမ်းပေါ်မှ သူမရောက်
ချောက်ပြီးရင်းချောက်ကျကာသာ
ကာလများစွာ ကြာခဲ့ ပါပြီလေ ။
၃။
ဘ၀များစွာ  ကံကြွေး ၀ဋ်ကြွေး
ကုဋေကုဋာကို ခန္ဓာနှင့်ပေးဆပ်
အသားနှင့် ပေးဆပ် ၊အသွေးနှင့်ပေးဆပ် 
ပခုံးနှင့်ထမ်းဆပ်  ၊အရေ ခွံနှင့် ဆပ်
ပခုံးနှင့် ထမ်းဆပ် တုံးထမ်း၍ဆက်ခဲ့ကြပြီးပြီ ၊
ကံကြွေးဟောင်းအလီလီ ကို ပြေလည်အောင်
ပေးဆပ်ခဲ့၍သာ ယခုတစ်ခါ လူ့ပြည်မှာ
 လူဖြစ်လာရတာကို အခွင့်ကောင်းမထင်
မဆင်ခြင်ဘဲ အလွဲနေ အလေ လိုက်ပြီး
အမိုက်အမဲ ငရဲမကြောက် ကံလမ်းပေါ်မှာ
နောက်တစ်ခါ လျှောက်ကြလျှင်ဖြင့်
 သင့်လောက်မိုက်သူ ဇမ္ဗူ မှာ မရှိ
မိုက် ခေါင်ထိပြီ မှတ်ပါတော့ ။
၎။
မဆင်မခြင် အမြင်မသိ 
မရှိမျက်ကန်း စမ်းတ၀ါးဝါး
ကံလမ်းမှာ တစ်ခါ သွားကြပါ မူကား
ဆိုးဆိုးဝါးဝါး  မှောက်မှောက်မှားမှား
ကင်းပါးလွင့် စဉ် အပါယ်ကိုပင်
လိုချင် လို့ လုပ် ယူနေကြသလို
မဆိုလည်းမဖြစ် ဆိုလည်းမဖြစ်မို့ 
စစ်စစ်မှန်မှန် ' သမ္မာဒိဋ္ဌိ  'ညဏ်မျက်စိဖြင့်
ဘ၀ကိုလှန် ရေဆန်ခရီးမှာ မဂ္ဂင်ဖောင်ကြီး
အပိုင်စီး၍  အပြီးသွားရန်အတွက်
ရုပ် နာမ် ဓမ္မ သင်္ခါရကို ငါပဲ ငါ့ ဟာ ငါ့ဥစ္စာဟု
စွဲလမ်းထင်မှု့ ' ဒိဋ္ဌိ '  စုကို ယခုဘ၀ ပယ်သတ်မှသာ
သံသရာဝဋ် အပြီးကျွတ်၍ လွတ်လွတ် လပ်လပ်
ပြီးပြတ် ဒုက္ခချူပ်ငြိမ်းရသည့်  ခပ်သိမ်းအရိယာ 
တို့ ပမာလျှင် ညဏ်လမ်းမှာလျှောက်  လူတစ်ယောက် သည်
ထွန်းပေါက်အောင်မြင် ခရီးတွင်လိမ့် ။
၅။
သုဂတိမှာ  လူဖြစ်လာရ ဤဘ၀ထက်
နေ့ရက်ကြာရှည် နေလာကြတာ
ဘာအဓိပ္ပာယ်ရှိ သလဲ ။စားဖို့ဝတ်ဖို့ ၊
 နေဖို့ထိုင်ဖို့ ၊မချို့ရအောင် ၊
ရွှေအရောင် ၊ငွေ ရောင် ၊စိန် ရောင် ထွန်းပ 
တပြပြနှင့် လှပသည် ထင် သင့်ရုပ်သွင်ကို
သင်မသေခင် ခင် ကြေးမုံမှန်ထောင်
ဓာတ်ပုံပေါင်ထဲ သဲသဲကွဲကွဲ
သရုပ်ခွဲခြား အမှန်တရားပေါ်အောင်
မျက်တောင်မခတ် ရပ်၍ကြည့်စမ်း။
ဘ၀လမ်းမှာ သင်ထမ်းခဲ့ရ  
ဝန်ထုပ်ပမာဏ ကြီးလွန်းလှ၍
ညှိုးနွမ်းရုပ်သွင်  သင့် ပါးပြင် လည်း
ဖရိုဖရဲ ကျိုးတိုးကျဲ၍ မွဲခြောက်သားရေ
ရိုးကြေရွက်ကျဲ သေပွဲဝင်ရ  သင့်ဘ၀မှာ
ဘာကို အဓိပ္ပာယ်လို့ ဆိုချင်သလဲ။
လိုချင်စရာ ဘာတန်ဖိုးတွေရှိသလဲ
ဘ၀ဖြစ်ပုံ ဆင်ခြင်တုံတရား ၊
ရှေ့မှာထား၍ စဉ်းစားနှိုင်းထောက်
 မိုးသောက်ကနေ၀င် ၊ပူပန်ကြောင့်ကြ
တောင့်တ ကြိုးကုတ် ၊အလုပ်နှင့်လက် 
ရက် ဆက်လများ တဖားဖားနှင့်
စားဝတ်နေရေး  တွေးပူရင်လေး
စိတ်မအေးပဲ ကျိတ်တွေးကြံဆ
လုပ်နေရလည်း ဘ၀ပြည့်စုံ
မဖူလုံခဲ့ ။ပစ္စည်းမျိုးစုံ စုပုံနေလည်း
မသေအောင်စား ၊မအားအောင်ရှာ
ဤခန္ဓာကို စားပါ သောက်ပါ ၀တ်ဆင်ပါဟု
ပျာပျာသလဲ ကျွန်မွဲ ကျွန်စုတ်  လုပ်ကျွေးပြုစု
ယုယချစ်ခင် နင်က ကြင်နာ နင့်ခန္ဓာက မညှာနင့်ကို
အိုလိုက်နာလိုက် သေမင်းကြိုက်အောင်
ရိုက်ထောင်းပုတ်ခတ် အသေသတ်လည်း
 မပြတ်သံယောဇဉ်  အမျှင်တန်းကာ
ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဟု 
သင့်မှာ ဒိဋ္ဌိ   ခံနေသည် ။
၆။
ဤခန္ဓာမှာ ဘာကို သင် က ချစ်နေရသလဲ
အထင်ကြီးစရာ ဤခန္ဓာမှာ တန်ဖိုးဘာတွေရှိသလဲ ။
ဖရိုဖရဲ ပြိုကွဲဖောက်ပြန် အလောင်းကျန်မှ
ရွာက လက်မခံ သုဿန်ကိုထုတ် မီးဖုတ်ဖျက်ဆီး
အချည်းအနှီးဘ၀ သုံးမရဘဲ  ဆုံးရှုံးရပြီ မဟုတ်လား ။
နောက်ဘ၀မှာ ပါယ်ရွာဇာတိ ကျိုးမရှိဘူး  
အတိဒုက္ခ ရောက်ရ တစ်ခါ သံသရာလမ်း ကံထမ်းသမား
လျှောက်သွားရပြန်ပြီ ၊မက်စောက်ကြီးမား
ဘ၀ချောက်ကမ်းပါးမှာ  ဇောက်ထိုးမိုးမျှော်
ကျရင်းပျော်သည်    သြော်  အန္ဓလူမိုက်
ဒုက္ခကြိုက်ရယ် ။  နင့်လောက်မိုက်သူ
ဤဇမ္ဗူ မှာတော့ ရှာလျှင်ရှားမည် ငါထင်သည် ။
၇။
လူဖြစ်နေတာ ခန္ဓာလား ငါလား 
ကွဲကွဲပြားပြား နားမလည်ခဲ့ ပါ ဘူး၊
ငါးပါးခန္ဓာ သူ့ သဘာဝက '  အနိစ္စ ' မို့
တားမရ ဆီးမရ ဖောက်ပြန်၍ ပြပါလျက်
တပ်မက်ခဲ့တာ ငါ     စွဲလမ်းမိတာ   ငါ 
ညဏ်မရှိတာ  ငါ  အမှန် မသိတာ  ငါ
တရားမရှိတာလည်း  ငါ ၊ အမှားမသိတာလည်း  ငါ  ၊
အခုကျခါမှ  အသက်ကကြီး  ဇရာဖိစီး 
ရောဂါ တွေ သည်းထန်လျက် သေခါနီးရောက်မှ
ဖောက်ပြန်သော   ရုပ်နာမ်ကို
ဆင်ခြင်ညဏ် ရောက်ပါ သည် 
ဘ၀အသိက .............  နောက်တော့ကျသွားပြီလေ ။
လုပ်စရာလည်းမရှိ ၊ ဖြစ်စရာလည်းမရှိ ၊ ရစရာလည်းမရှိ  
အားလုံး ဗလာနတ္ထိ ၊  ဘာဆိုဘာမှ မရှိပါ ကလား ။
၈။
တရားကိုသိတော့ ဘ၀က လက်ချည်းကျန် ဖြစ်တော့ မည် ။
အသေမဦးခင် ညဏ်ဦးအောင် အရင် လုပ် မှပေါ့ ၊
သံဝေဂ အသိနှင့် ကိုယ့် ကို ကိုယ် ပြန်ကြည့်မိတော့
ကိုယ့်အဖြစ်ကိုသိပြီ ၊  မနစ်နာအောင် ကြံဆောင်မည်ဆိုလျှင်
အချိန်မှီသးတာပဲ ၊  ဇွဲမလျှော့ဘူး ၊ စိန်နှင့် ဆန်ကွဲ
ဘာဖြစ်လို့ မလဲရမှာလဲ ၊ညစ်မည်းနေတဲ့ အသည်းကို
ပြောင်အောင် တိုက် ၊  မိုက်မှောင်နေတဲ့   ဘ၀ထဲက ထွက်
အသက်နှင့် 'သစ္စာ' ဒီ တစ်ခါ လဲ လိုက် မည် ၊
ကြံစည်ပြီးသော သူတစ်ယောက် ညဏ်လမ်းပေါ်မှာ
လျှောက်မည် ။ ခရီးရောက် သင့် သလောက်ေ တာ့
ရောက်ဦးမှာပေါ့   ၊ရောက်မှာပေါ့နော် ။
 [ ရှင် အာဒိစ္စရံသီ ]
ဆန်းလွင်